တနင်္ဂနွေနေ့က ရွှေစာရံဘုရားပွဲကို ရောက်ခဲ့တယ်။ ရောက်တယ်ဆိုရင် သတင်းဆိုးနဲ့ အရင် တိုးတော့တာဘဲ။ နဂါးရုံဘုရားသွားရင်းနဲ့ စက်လှေမှောက်လို့ လူ 30 ကျော်လောက် သေတယ်ဆိုဘဲ။ အလောင်းကိုတော့ 15လောင်းလောက်ဘဲ တွေ့တယ်လို့ ပြောတယ်။ ကျွန်တော်သွားတော့ကို နောက်ထပ်အလောင်း တွေ့လို့ နိဗာန်သုခ ယာဉ်နဲ့ သယ်နေတာတွေ့ခဲ့တယ်။ အဲဒီ နေရာအထိ ကျွန်တော်သွားပြီး သတင်းယူခဲ့တယ။် ပုံကတော့ မကောင်းလို့ မတင်တော့ပါဘူး။ လူ 100 ကျော်လောက် သေတယ်ဆိုတာ ကောလဟာလတွေပါ။ ရွှေစာရံ ဘုရားကနေ နဂါးရုံကို စက်လှေနဲ့ သွားကြရင်း မှောက်တယ်လို့ သိရတယ်။ လွတ်တာဆိုလို့ ကျွန်တော်သိသလောက် မိန်းမကြီးတစ်ယောက်ဘဲ ရှိတယ်။ သူက တော်တော် ထူးဆန်းတယ်။ သူတို့ လင်မယားတွဲရယ်၊ နောက် တပ်ကြပ်ကြီးတို့ လင်မယားတွဲရယ်။ နှစ်တွဲစလုံးမှာ သူတစ်ယောက်ဘဲလွတ်တယ်။ သူက ရေမကူးတတ်ပေမဲ့ မြစ်စောင့်နတ်က ကယ်လို့ လွတ်သွားတာပါလို့ သူကပြောပြတယ်။ ထူးဆန်းလို့ မေးကြည့်တော့ သူရေနစ်နေတဲ့ အချိန်မှာ သူ့ကို နောက်ကနေပြီး တွန်းထားတယ်။ ပြီးတော့ ရော့ သမီး ဒီပျဉ်ပါးလေးနဲ့ ကူးဆိုပြီး ပေးသွားတယ်။ နောက်လှည့်ကြည့်တော့ သူ့နောက်မှာ ဘယ်သူမှ မရှိပါဘူး။ သူ့လက်ထဲကိုလည်း ပျဉ်ပြားက အလိုလိုရောက်လာတယ်ဆိုဘဲ။ သူတော့ အသက်ရှင် ကျန်ရစ်ပါတယ်။ တပ်ကြပ်ကြီး အလောင်းကတော့ ပြန်တွေ့ပါပြီ။ သူက သူ့အလောင်းတွေ့ချင်ရင် သူအုံးနေတဲ့ ခေါင်းအုံး ရေချပေးပါဆိုလို့ ရေချလိုက်တာ မြစ်ထဲမှာ ခေါင်းအုံးက ၀ဲနေလို့ ငုတ်ရှာလိုက်တော့ သူ့အလောင်းကို တွေ့တာပါဘဲ။ သူ့မိန်းမတော့ မတွေ့သေးပါဘူး။ မိန်းမမှာ ရွှေတော်တော်များများ ၀တ်ထားတာတွေ့ရတယ်ဆိုပြီး မြင်လိုက်တဲ့သူတွေက ပြောပါတယ်။ အခုထိတော့ ရှာတုန်းပါဘဲ။ ကျွန်တော်ပြောပြချင်တာကတော့ ရွှေစာရံဘုရားပွဲသွားကြတာ ဘုရားသွားဖူးကြတာပါ။ ဒါပေမဲ့ တစ်ချို့ကတော့ အဲဒီ နဂါးရုံဘုရားဆီသွားပြီး အမတော်စောမွန်လှနဲ့ သိုက်ပေါင်းစုံစုဝေးတယ်ဆိုပြီး သွားပြီး စီးပွားရေးကောင်းအောင်၊ ကျန်းမာရေးအဆင်ပြေအောင် သွားပြီးယတြာချေ၊ ဆုတောင်းကြတာပါ။ ဒါပေမဲ့ စီးပွားရေးအတွက် ယတြာချေရင်း အသက်တွေ ပေးဆပ်လိုက်ရသလို ဖြစ်ကုန်ပါပြီ။ ဘုရားပွဲကလည်း အသုဘပွဲဖြစ်ကုန်ပြီပေါ့ဗျာ။ အဲဒါလူတွေရဲ့ အယူမှားမှုကြောင့်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ ရွှေစာရံဘုရား ဘုရားစစ်စစ်ရဲ့ ဓါတ်တော်တွေကို ဌာပနာထားပြီး သိကြားကမတည်လို့ စောမွန်လှ မင်းသမီးက တည်ထားခဲ့တာ။ စောမွန်လှ ဘာကြောင့်တည်တာလဲ ဆိုတော့ သူ့နားဋောင်းဟာ ဘုရားဓါတ်တော်၊ မွေတော်အစစ်ဖြစ်နေလို့ သူနဲ့ မထိုက်တန်လို့ တည်ခဲ့တာ။ အဲဒီနားဋောင်းဟာ အလွန်တစ်ရာမှ တန်ခိုးးကြီးပြီး အဖိုးမဖြတ်နိုင်လို့ပါ။ ဒါကို လူတွေက ဘုရား မကိုးကွယ်ဘဲ အမတော်စောမွန်လှ၊ စောမွန်လှနဲ့ ရွှံ့တုံးက ရွှေမှတ်လို့ ချိတ်ဆွဲ၊ ရွှေကို ရွှံ့ထင်ပြီး လွှင့်ပစ်နေကြသူတွေလိုဖြစ်နေပြီ။ ကဲ ခင်ဗျားတို့ရော ဘယ်ထဲမှာ ပါမှာလဲ။ အယူမမှားကြဖို့ တိုက်တွန်းတယ်ဗျာ။ မှားနေရင်လည်း စဉ်းစားဆင်ခြင်ပြီး လုပ်ကြပေါ့ဗျာ။ အမေတော်စောမွန်လှ တစ်ကယ်တော့ ဘုရားအမပါ၊ သိုက်စောင့်မဟုတ်ပါဘူးခင်ဗျာ။
မန်းသားလေး
Thursday, March 27, 2008
Subscribe to:
Posts (Atom)